ကိုဗစ်ကြောင့် ယခုနှစ်ရွှေဘောလုံးဆု ဖျက်သိမ်းလိုက်ရလို့ ဘယ်သူအနစ်နာဆုံးဖြစ်မလဲ

ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ယခုနှစ်အတွက် ရွှေဘောလုံးဆု Ballon d’Or ဆု ပေးအပ်သွားမှာမဟုတ်ကြောင်း အတည်ပြုကြေညာလိုက်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကစားသမားတွေအတွက် လုံလောက်ပြည့်စုံတဲ့အခြေအနေမရှိခြင်းကြောင့်ဖြစ်တယ်လို့ ရှင်းလင်းကြေညာသွားပါတယ်။ အားလုံးကို အံ့အားသင့်သွားစေခဲ့တဲ့ ထုတ်ပြန်ကြေညာမှုဖြစ်ပြီး အမျိုးသားနဲ့ အမျိုးသမီးအကောင်းဆုံးကစားသမားဆုတွေကို ဒီနှစ်မှာ ပေးအပ်မှာမဟုတ်တော့ပါဘူး။

ဒီလိုဖျက်သိမ်းလိုက်တာက အထူးသဖြင့် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးအတွက် နစ်နာစရာဖြစ်ခဲ့ပြီး ပိုလန်တိုက်စစ်မှူးက တစ်နှစ်တာကမ္ဘာ့အကောင်းဆုံးကစားသမားဆုရရှိဖို့ ရေပန်းစားနေတာဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိ လီဝန်ဒေါစကီးအနေနဲ့ ကစားသမားဘဝတစ်လျှောက် ပထမဆုံးအကြိမ် ရွှေဘောလုံးဆုရှင်ဖြစ်ဖို့ နီးစပ်နေချိန်မှာ ဆုကို ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။

သူဟာ ယခုရာသီမှာ ပြိုင်ပွဲစုံ ၄၉ပွဲကစား ၅၁ဂိုးအထိ သွင်းယူထားပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တက်ရောက်နိုင်ဖို့ ခြေတစ်ဖက်လှမ်းထားပြီးဖြစ်တဲ့ ဘိုင်ယန်က ဘွန်ဒက်စ်လီဂါနဲ့ ပိုကယ်ဖလားပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ထားပါတယ်။
နောက်ပြီး ဂျူဗင်တပ်စ်အသင်းနဲ့အတူ ဂိုးမြူးနေတဲ့ တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ စီးတီးကွင်းလယ်လူ ဒီဘရိုင်းတို့လည်း ယခုနှစ် ရွှေဘောလုံးဆုရယူဖို့ ရေပန်းစားနေခဲ့တဖြစ်ပြီး အခုတော့ ၆၄ နှစ်အတွင်း ပထမဆုံးအကြိမ်ဖျက်သိမ်းလိုက်တာကြောင့် ၂၀၂၁ ရောက်မှပဲ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုထွက်ပေါ်လာတော့မှာဖြစ်ပါတယ်။

ဒီအတွက်ကြောင့် ၂၀၁၉ ရွှေဘောလုံးဆုရှင် ဘာစီလိုနာအသင်းခေါင်းဆောင်မက်ဆီလည်း နောက်ထပ် ၁၂လကြာ ဆုကို ထိန်းသိမ်းခွင့်ရရှိသွားခဲ့ပြီး သူက ရော်နယ်ဒိုကို တစ်ကြိမ်အသာနဲ့ ကျော်ဖြတ်ကာ စံချိန်တင်ရွှေဘောလုံးဆု ၆ကြိမ်ရရှိထားပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *