ခရိုအေးရှားသားတစ်ယောက်ရဲ့ ပုံပြင်

ကျွန်တော့်ဇာတ်လမ်းဟာ ဟောလိဝုဒ်ကိုတောင် ပြန်ရောင်းလို့ရလောက်မယ်ဗျ။ ဒါပေမယ့် တကယ်ဖြစ်ခဲ့တာပါ။ ဒီဇာတ်လမ်းရဲ့အစကို ခရိုအေးရှားသားတစ်ယောက် ဘားထဲလမ်းလျှောက်ဝင်လာတဲ့ အခန်းက စလိုက်ရင် ကောင်းမယ် ထင်တယ်….

၂၀၁၁ တုန်းကပေါ့။ ကျွန်တော့်အသက် (၂၁) အရွယ်မှာ စပိန်မြေပေါ် ရောက်လာခဲ့တယ်။ ည(၁၀)လောက် ရှိပြီဆိုတော့ နောက်ကျနေပြီ ပြောလို့ရတယ်။ လွန်ခဲ့တဲ့ လေးနှစ်လောက်တုန်းက ဂျာမနီကလပ် ရှော်ကေးအသင်းမှာ ကစားခဲ့တာပါ။ အခုချိန်မှာတော့ ဆီဗီလာ က ခေါ်ယူ စာချုပ် ချုပ်ဖို့ ဖြစ်လာခဲ့ပြီ။ လုပ်စရာဆိုလို့ မနက်ကျရင် ဆေးစစ် ၊ လက်မှတ်ထိုးဖို့လောက်ပဲ ကျန်တာပါ။

ကျွန်တော်နဲ့ အတူ အကိုလည်း စပိန်ကို ပါလာတယ်။ ဟော်တည်ရောက်တော့ ကလပ်က လူအနည်းငယ်လောက်နဲ့ ညစားစားတယ်ပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော် ဒီညအိပ်ပျော်တော့မှာ မဟုတ်မှန်း ကြိုသိနေခဲ့တယ်။ ဒါကြောင့်ပဲ ညစာစားပြီးချိန်မှာ အကိုနဲ့ တစ်ခွက်လောက် သွားသောက်ကြဖို့ အဖော်စပ်မိတယ်။

“အကိုရေ …တစ်ခွက်လောက်သောက်ပြီးမှ အိပ်ကြရအောင်လား” …

အဲ့ဒီစကားတစ်ခွန်းကြောင့်ပဲ ကျွန်တော့်ဘဝတစ်ခုလုံး ပြောင်းလဲသွားခဲ့ပါတော့တယ်။

ဘာကြောင့်လဲဆိုတော့ ဟော်တည်က အရက်ဘားမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးကြောင့်ပေါ့ … အားပါး … သူ(မ) သိပ်လှတာပဲဗျာ။ ရုပ်ရှင်တွေထဲကအတိုင်း အရာအားလုံးဟာ အနှေးပြကွက်လို တဖြည်းဖြည်းချင်းပေါ့။ ခင်ဗျားသိလား … သူ တကယ့်ကို လှတယ်ဗျာ။

စိတ်ထဲမှာ ပြောမိသေးတယ် “အိုကေ ဆီဗီလာ … ဒီနေရာကိုတော့ ချစ်သွားပြီ”

ဒါပေမယ့် ဘားမှာထိုင်တော့ “Hola” တစ်ခွန်းကလွဲပြီး ဘာမှမပြောဖြစ်ခဲ့ဘူး။ ကျွန်တော်မှ စပိန်စကား မတတ်တာကိုး။ ဂျာမနီ ၊ အင်္ဂလိပ် ၊ အီတလီ ၊ ပြင်သစ် ၊ ဆာဘိုခရိုအေးရှန်း … အကုန်ပြောတတ်တယ်။ ဒါပေမယ့် စပိန်စကားတော့ မတတ်ဘူး။ စိတ်ပျက်စရာပဲ ….

စကားပြောနေရင်းနဲ့ပဲ အကို့ဆီ ဖုန်းတစ်ကော ဝင်လာခဲ့တယ်။ ကျွန်တော်တို့တွေ ဆီဗီလာ ရောက်နေတယ်ကြားလို့ … စိတ်ဝင်စားရင် သူတို့နဲ့စာချုပ်ချုပ်နိုင်အောင် လာခဲ့ပါ။ လေယာဉ်စီစဉ်ပေးပါမယ်လို့ ကမ်းလှမ်းလာတယ်။

အကိုက “မင်း ဘယ်လိုလုပ်ချင်လဲ ငါ့ညီ” တဲ့။

“ကျွန်တော် ဆီဗီလာအသင်းကို အဖြေပေးခဲ့ပြီးပြီ။ ကျွန်တော့်စကားတစ်ခွန်းကို လက်မှတ်တစ်ခုထက် ပိုတန်ဖိုးရှိချင်တယ်” လို့ ပြန်ဖြေခဲ့တယ်။

ပြီးတော့ ဘားထဲက တစ်နေရာကို လက်ညှိုးထိုးပြပြီး “ဟို စားပွဲထိုးကောင်မလေးကို တွေ့လား … ကျွန်တော် ဆီဗီလာမှာပဲ ကစားတော့မယ်။ ပြီးတော့ အဲ့ဒီကောင်မလေးကို လက်ထပ်ယူမယ်” လို့ အကို့ကို ပြောလိုက်တယ်။ “အေးပါကွာ … မင်းသဘောပါပဲ” တဲ့။ အကိုက ရယ်ရယ်မောမော ပြန်ဖြေခဲ့တယ်။ သူ ကျွန်တော့်ကို စနေတယ်ပဲ ထင်ခဲ့မှာပေါ့။

နောက်နေ့အရောက်မှာ ကျွန်တော်နဲ့ ဆီဗီလာအသင်း လက်မှတ်ထိုးနိုင်ခဲ့တယ်။ အခုတည်းနေတဲ့ ဟော်တည်မှာပဲ နောက်ထပ်သုံးလလောက် ဆက်နေဖြစ်ခဲ့တယ်။ နေစရာအိမ်ရှာရသေးတာလည်း ပါတာပေါ့။ မနက်တိုင်းလိုလို ဘားထဲဝင်ပြီး ကော်ဖီဖြစ်ဖြစ် ၊ လိမ္မော်ရည်ဖြစ်ဖြစ် တစ်ခုခုမှာသောက်တတ်လာတယ်။ ဒါမှ မိန်းမချောလေးနဲ့ တွေ့ခွင့်ရမှာကိုးဗျ။

ကျွန်တော်သိရသလောက် သူ့နာမည်က Raquel တဲ့။ ကျွန်တော်ကလည်း စပိန်စကားမတတ်သလို သူကလည်း အင်္ဂလိပ်စကားတစ်လုံးမှ မသိဘူး။ ဒီတော့ “Buenos días, Raquel. Un café y un Fanta naranja” (ဂွတ်မောနင်း Raquel…ကော်ဖီတစ်ခွက်လောက်ပေးပါ) ဆိုတာက လွဲပြီး ဘာမှပြောစရာမရှိခဲ့ဘူး။

ဘယ်လိုရှင်းပြရမလဲတော့ မသိဘူး။ ခင်ဗျားတို့လည်း ဒီလို ခံစားချက်မျိုး ဖြစ်ဖူးမှာပါ။ အဲ့ဒီမိန်းကလေးနဲ့ ဆုံလိုက်တိုင်း ကျွန်တော့်ရင်ထဲမှာ ဗုံးတစ်လုံးထပေါက်သလို ခံစားရတယ်။ တစ်ပါတ်ပြီး တစ်ပါတ် ကြာလာရင်း ကျွန်တော်လည်း စပိန်းစကား စသင်နေခဲ့တယ်။ သူနဲ့စကားပြောဖို့ ကြိုးစားရင်း ဘာပြောရမှန်းမသိတော့ရင် ဆိုလိုချင်တာကို လက်ညှိုးတထိုးထိုးနဲ့ ရှင်းပြမိတတ်တယ်။

အဲ့ဒီလို ဖြစ်တိုင်း သူ ရယ်တယ်ဗျ။ ပြောရရင် တာဇံကားထဲကလိုပေါ့ …. “Me …Jane. You … Tarzan” ဆိုတဲ့ အခန်းလေ။ ကြည်နူးဖို့လည်းကောင်းပါတယ်။ ဒါပေမယ့် လူတစ်ယောက်ဗျာ…ကော်ဖီအများကြီး သောက်ဖြစ်နေတာ ကြာလာတော့ ထူးဆန်းမှာပဲလေ။ ကျွန်တော် စိတ်ဝင်စားနေမှန်း သူလည်းသိပါတယ်။ အပြင်မှာတွေ့ရအောင် ခွင့်တောင်းပြီးတာလည်း အခါ (၂၀၊ ၃၀)လောက် ရှိနေပြီ။

ဘယ်တုန်းကမှတော့ No ဆိုပြီး ပြောမလွှတ်ပါဘူး။ ဒါပေမယ့် အလုပ်လုပ်ရဦးမယ် ၊ အိမ်ပြန်ရဦးမယ် စသဖြင့် ဆင်ခြေလေးတွေပေးပြီး ညင်းနေတုန်းပဲဗျ။ ဒီလိုနဲ့ ကျွန်တော်လည်း အိမ်သစ်ကို ပြောင်းနေရမယ့်အချိန် ရောက်လာခဲ့တယ်။ ပြောင်းတဲ့အချိန် တကယ် ဝမ်းနည်းမိတယ်။ သူ နဲ့ ကျွန်တော်နဲ့ ဇာတ်လမ်းတော့ ဒီမှာတင် ပြီးလောက်ပြီ ထင်ခဲ့မိလို့ပေါ့။ ဒါပေမယ့် မရပါဘူးဗျာ … အဲ့ဒီဟော်တည်ထဲက ဘားမှာပဲ ကော်ဖီလာသောက်ဖြစ်နေတုန်းပဲ။

သူ အလုပ်မဆင်းဘူးဆိုတဲ့ နေ့မျိုးဆိုရင် တံခါးဝတင် လှည့်ပြန်သွားတတ်သလို သူရှိနေရင်လည်း အကြာကြီး ထိုင်နေတတ်မိတယ်။

ကြာလာတော့ ကျွန်တော့်စပိန်စကားဟာလည်း အတော်လေး တိုးတက်လာခဲ့ပြီ။ ဒီတော့ သူနဲ့ စကားလေး ဘာလေး ပြောနိုင်လာတယ်ပေါ့။ စပိန် ရုပ်သံအစီအစဉ်တွေ ကြည့်၊ စပိန်ဘာသာ ရေဒီယိုတွေနားထောင်ပြီး ကျင့်ခဲ့ရတာနော်။ ဘော်လ်ကန်သားတွေ ဘာသာစကား အသစ်သင်ယူရာမှာ အတော်လေး ဥာဏ်ကောင်းတာများလား တွေးမိတယ်။

တစ်နေ့ Raquel က ရှင်းပြခဲ့တယ်။ သူဘာလို့ ကျွန်တော်နဲ့ အပြင်မှာတွေ့ဖို့ ငြင်းရကြောင်းကိုပေါ့။ သူပြောတာက “ရှင်ဟာ ဘောလုံးသမားတစ်ယောက်ဖြစ်တာကြောင့်ပဲ။ နောက်နှစ်အတွင်းမှာပဲ တစ်ခြားနိုင်ငံတစ်ခုဆီ ရောက်သွားနိုင်တယ်။ ဒါကြောင့် မတွေ့ပါရစေနဲ့။ တောင်းပန်ပါတယ်” တဲ့။

ခင်ဗျားသိလား … ကျွန်တော်ဟာ ကမ္ဘာ့နာမည်ကြီး ဘောလုံးသမားလည်း မဟုတ်ဘူး။ ဒီတော့ သူ့ဘက်က ဒီလိုပြောလာတာဟာ “ငါဟာ ထင်ထားသလောက် အရည်အချင်းမရှိတဲ့ ကစားသမားဖြစ်နေမှန်း သူသိလို့များ ငြင်းတာလား။ ဆီဗီလာအသင်းကရော ငါ့ကို နွေရာသီမှာ ရောင်းထုတ်တော့မှာလား” စသဖြင့် အတွေးတွေ အများကြီး ဝင်လာတယ်။

အဲ့ဒီအချိန်ကတည်းက စပြီးအသင်းမှာ အကောင်းဆုံးကြိုးစားခဲ့တယ်။ ကလပ်မှာ နေရာတစ်ခုရလာအောင် ရုန်းကုန်ခဲ့တယ်။ ဒါမှသာ ဆီဗီလာမှာ အကြာကြီးနေရမှာ။ သူနဲ့အတူ ညစာစားနိုင်မှာ မဟုတ်လား။ တကယ်တော့ ကျွန်တော်ကြိုးစားခဲ့ရမှုဟာ (၇)လတာ ကြာခဲ့ပါတယ်။

ကျွန်တော် စပိန်ကိုရောက်တော့ ဇန်နဝါရီ (၂၇)၊ သြဂုတ် (၂၀)မှာ ကျွန်တော် မက်ဆေ့ခ်ျတစ်ခုရတယ်။ သူနဲ့ သူ့အမနဲ့ ဘားမှာရှိနေတယ်တဲ့။ အလုပ်ဆင်းနေတာလည်း မဟုတ်ဘူးတဲ့။ ဆီဗီလာမှာက ကျွန်တော့်အကြောင်းသိတဲ့လူ များတယ်လေ။ ဒီတော့ ကျွန်တော့်အတွက် စာပို့ပေးတာပေါ့။ ဘယ်သူပို့တာလဲတော့ မပြောတော့ဘူးဗျာ။

အဲ့ဒီနောက် သူငယ်ချင်းကိုခေါ်ပြီး ဟော်တည်ဆီ မောင်းလာခဲ့တယ်။ ပြီးတော့ Raquel နားမှာ ဝင်ထိုင်ရင်း “အိုကေ မင်း အလုပ်မဆင်းရတဲ့နေ့ပဲ။ ဒီတော့ ကျွန်တော်နဲ့အတူ ညစာလိုက်စားပါလားဗျာ” လို့ ခွင့်တောင်းလိုက်တယ်။
သူလည်း နည်းနည်းအံ့သြတာပေါ့။ ကျွန်တော်ရောက်လာမယ်မှန်း ကြိုမှမသိထားတာ။

“မရဘူး။ အမပါလာတယ်ဆိုပေမယ့် ဒီညလိုက်ခဲ့မှ ရမယ်။ သွားကြရအောင်။ ကျွန်တော်တို့ အားလုံး အတူတူစားလို့ ရတာပဲ” လို့ အတင်းကို ခွင့်တောင်းမိခဲ့တာဗျ။

Add a Comment

Your email address will not be published. Required fields are marked *