အယုံကြည် နဲပါးတဲ့ သူတွေကို ဥူးဇင်းတစ်ပါး ရှင်းပြတဲ့ ပရိတ်ပဌာန်း ရွတ်ခြင်းရဲ့ အဓိပ္ပါယ်

အယုံကြည် နဲပါးတဲ့ သူတွေကို ဥူးဇင်းတစ်ပါး ရှင်းပြတဲ့ ပရိတ်ပဌာန်းတွေ ရွတ်ခြင်းရဲ အဓိပ္ပါယ်

အရှင်ဘုရားတို့..ညစဉ် ပဌာန်းရွတ်၊ ရတနသုတ်တွေရွတ်နေရုံနဲ့ Covid.19ရောဂါ ပျောက်မယ်ထင်ပါသလား ဘုရား။ တပည့်တော်အမြင်မှာ လုံးဝမ‌သက်ဆိုင်ဘူးလို့မြင်ပါတယ်။ အဲဒီယုံကြည်မှုတွေက ဒုက္ခရောက်မယ့် ယုံကြည်မှုတွေလို့ မြင်တယ် ဘုရား။

တပည့်တော်ဟာ ကျောင်းဆရာတစ်ယောက်ပါ။ တရားနာရလို့ ဖားလေး နတ်ဖြစ်တာ၊ လင်းနို့သားတွေ ရဟန္တာဖြစ်တာ မပြောနဲ့ဘုရားတဲ့ တပည့်တော်မယုံဘူးလို့ မေးထားတာပါ။

အော် ကျောင်းဆရာကိုး ဒကာရေ့ ဘေးနားမှာ လျှပ်စစ်မီးလွှတ်ထားတဲ့ ဝါယာစလေးများရှိခဲ့ရင် လက်နဲ့ကိုင်ကြည့်လိုက်စမ်းပါအူး။ ဓာတ်လိုက်ပြီးသေသွားလိမ့်မယ်‌နော်။ လျှပ်စစ်ဟာ သက်မဲ့ဆိုပေမယ့်လည်း ဓာတ်ကူးပြီး

အစွမ်းပြ လူသတ်နိုင်တယ် ဒကာရဲ့။ မယုံဘူးဆိုပြီး သွားမစမ်းနဲ့နော်ဒကာ။ ( ဒကာ စာတတ်အောင်သင်ဖူးခဲ့မယ်ဆိုရင် chemistry မှာ ဓာတ်ပြုခြင်း ဓာတ်ကူးခြင်း သဘောတွေ နားလည်မှာပါ။ အလွတ်ကျက် အောင်လာတဲ့သူဆိုရင်တော့ နားလည်မှာမဟုတ်ဘူးဒကာရဲ့။)

နောက်တစ်ချက်ဟာ ဒကာက ကျောင်းဆရာဖြစ်နေပေမယ့်လည်း စကားလုံးတွေရဲ့စွမ်းအားကို နားမလည်တဲ့ ကျောင်းဆရာဖြစ်နေတာက တပည့်တွေအတွက် ကံဆိုးမှုတစ်ခုပါဘဲနော်။

ဒကာက ရုန့်ရင့်ကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ တစ်စုံတစ်ယောက်ကို ပစ်ပေါက်နေမယ် (ဆဲနေမယ်) ဆိုရင်တော့ အဲဒီစကားလုံးတွေက အဆဲခံရသူထံ ကူးသွားပြီး အစွမ်းပြလိမ့်မယ် ဒကာ။ ဒေါသတွေဖြစ်လာပြီး မငြိမ်းချမ်းမှုတွေ ချက်ခြင်းဖြစ်လာမှာပါ။

မတွေးဝံ့စရာ ရလာဒ်တွေလည်း ဖြစ်လာနိုင်ပါတယ်။ (စကားလုံးတွေက အစွမ်းပြလို့ လူသတ်၊ထောင်ကျ၊ ဒုက္ခရောက်နေသူတွေကို ဒကာကြားဖူးမှာပါ။ ) နည်းပေး လမ်းညွှန် ဆိုဆုံးမစကားတွေ၊ ကောင်းတဲ့ဂုဏ်သတင်းတွေ၊ သူရဲကောင်းတွေရဲ့ သမိုင်းတွေ၊ မြင့်မြတ်သန့်ရှင်း စင်ကြယ်သူတို့ရဲ့

အကြောင်းတွေကို ကြားရတဲ့အခါမှာ စကားလုံးတွေကနေတစ်ဆင့် ဓာတ်ကူးပြီး၊ ခွန်အားတွေ၊ အသိဉာဏ်တွေဖြစ်ပြီး ဒုက္ခတွေကိုကျော်လွှား၊ အောင်မြင်မှုတွေ ရသွားတဲ့လူတွေကို မြင်ဖူး တွေ့ဖူးရင် အဲဒါဟာ စကားလုံးတွေရဲ့ စွမ်းအားကနေ ဓာတ်ကူးသွားတယ် ဆိုတာကို မှတ်သားပါ။

စကားလုံးတိုင်းမှာ စွမ်းအားကိုယ်စီရှိတယ် ကျောင်းဆရာရဲ့။ မကောင်းတဲ့စကားနဲ့ ကောင်းတဲ့စကား၊ ပညာရှိစကားနဲ့ ပညာမဲ့စကား စွမ်းအားတွေက မတူပါဘူးဒကာ။ (ဒကာ့မှာ မိန်းမရှိရင် မိန်းမစကားနဲ့ မိဘစကားတောင် စွမ်းအားမတူဘူးဆိုတဲ့ကြောင်း သိမှာပါ။ )

ပဋ္ဌာန်းတို့ ရတနသုတ်တို့ရဲ့ စာ၊ စကား အဓိပ္ပါယ် ဘာကိုဆိုလိုတယ်ဆိုတာ ဒကာသိရဲ့လား။လေ့လာဖူးရဲ့လား။ ရတနသုတ်က စကားလုံးတွေရဲ့အစွမ်းသိချင်ရင် လေ့လာပါအုံးဒကာ။

သဘောအဓိပ္ပါယ်နဲ့ စွမ်းအားတွေကို သိပြီဆိုမှ အပြစ်တင်ဝေဖန်ပါ။ နောက်တစ်ချက်က စကားလုံးရဲ့ စွမ်းအား အနိမ့်အမြင့်ဟာ ပြောဆိုရွတ်ဖတ်သူရဲ့ စိတ်စေတနာ စွမ်းအားနဲ့ သက်ဆိုင်သလို နာကြားသူရဲ့ သဘောပေါက်နားလည်သိမြင် ကျင့်သုံးမှုနဲ့လည်း ဆိုင်ပါတယ် ဒကာ။

ဒကာ ကျေးညီနောင်ပုံပြင်ကို မှတ်မိအုံးမယ်ထင်ပါတယ်။ ပြောဆိုဆုံးမသူရဲ့ စကားလုံးစွမ်းအားတွေ မတူညီတော့ ရလာဒ်တွေလည်း မတူဘူးပေါ့။ နောက်တစ်ချက် ဆရာတစ်ဦးတည်းက ဆုံးမစကားကို အတူတူပြောပေမယ့်လည်း နာယူသူရဲ့ ဉာဏ်ပညာ အနိမ့်အမြင့်ပေါ်မူတည်ပြီးတော့

တပည့်တွေမှာ လူတော်၊လူညံ့ ကွဲပြားသွားတာတွေလည်းမြင်ဖူးမှာပါနော်။ ထားပါတော့ ဒကာရေ့ ဆိုလိုချင်တာက စကားလုံးတွေမှာ စွမ်းအားကိုယ်စီရှိတယ်ဆိုတာ သိစေချင်တာပါဘဲ။ နိုင်ငံ့ခေါင်းဆောင် တစ်ယောက်ရဲ့စကားစွမ်းအားဟာ အဓမ္မနဲ့ယှဉ်တဲ့ စကားသာဖြစ်ခဲ့မယ်ဆိုရင်တောင်

နိုင်ငံကိုတောင် ပျက်သွားစေနိုင်ပါတယ်။ စကားလေးတစ်ခွန်းကြောင့် ဘဝတွေတိုးတက်ပြောင်းလဲ အောင်မြင်သွားတာတွေ စာဖတ်ဖူးရင်သိမှာပါဒကာ။ မြတ်ဗုဒ္ဓရဲ့စကားတော်တွေဟာ  သုဂတဂုဏ်နဲ့ ပြည့်စုံတော်မူတယ် ဒကာရဲ့။ သတ္တဝါတွေရဲ့ အကျိုးမဲ့ကို ဖြစ်စေတဲ့စကား တစ်လုံးမှမပါဘူး။

စကားလုံးတိုင်းဟာ ဒုက္ခလွတ်မြောက်ဖို့အတွက် ဦးတည်ထားတယ်။ လေ့လာလို့ရပါတယ်။ သာမာန် လူပညာရှိ ရဟန်းပညာရှိတွေထံက ထွက်လာတဲ့ စကားမျိုးမဟုတ်ဘူးကွဲ့။ ကိလေသာအားလုံး ကင်းပြီး တရားအားလုံးကို သိတဲ့ မဟာကရုဏာရှင်ကြီးထံက ထွက်လာတဲ့ စွမ်းအားအပြည့်နဲ့စကားဘဲ။

ငါတို့ ပရိတ်ရွတ်တယ်ဆိုတာ ဒကာနားလည်အောင်ပြောရရင်  စွမ်းအားပြည့် စကားလုံးတွေကို မိတ္တူကူးတာပါပဲ။ ပရိတ်ရွတ်လို့ Covid ‌ပျောက်တာ မပျောက်တာ ငါတို့ စိတ်မဝင်စားပါဘူးဒကာ။

ပျောက်မယ်လို့လည်းမ‌ပြောပါဘူး။ စွမ်းအားရှိတဲ့စကားလုံးတွေကို မိတ္တူကူးခြင်း၊ ဓာတ်ကူးခြင်းကြောင့် ငါတို့မှာ စိတ်ဓာတ်စွမ်းအားတွေရတယ်။ ဒါဟာ ငါတို့ရဲ့ ယုံကြည်ချက်ပါ။ ဒါကြောင့် ငါတို့ ပရိတ်ရွတ်ပါတယ်။ မြင်နိုင်တဲ့သတ္တဝါရှိသလို၊ မမြင်နိုင်တဲ့သတ္တဝါ ဆိုတာလည်း ရှိတယ်ဒကာရဲ့။ နောက်တစ်ခုက စည်းကမ်းလိုက်နာတဲ့ သတ္တဝါရှိသလို၊ မလိုက်နာတဲ့ သတ္တဝါလည်း ရှိတာပါပဲ။

သတ္တဝါတွေမှာ သူ့အဖွဲ့အစည်းနဲ့သူ ဓာတ်တူရာစုကြသကွဲ့။ သူတို့နဲ့ဓာတ်မတူ၊ ဓာတ်မတည့်ရင် ရှောင်ပြေးကြပါတယ်။ အစိုးရကထုတ်တဲ့ အမိန့်စာမှာတောင် စွမ်းအားတွေ ရှိသေးတာပဲ။ အစိုးရကိုယ်တိုင်မလာပေမယ့် အမိန့်စာမှာ စွမ်းအားတွေပါသကွဲ့။

ညမထွက်ရလို့ အမိန့်စကားထုတ်လိုက်ရင်တော့ ဘယ်သူအပြင်ထွက်ရဲလို့လဲ။ ဒါက စကားလုံးစွမ်းအားနဲ့ အမိန့်စွမ်းအားကို ဥပမာပြတာပါ။ အစိုးရမင်းလာရင် ရဲတွေပါမယ်။ ရဲတွေပါရင် လူဆိုးတွေပြေးမယ် အမွှေးနံ့လာရင် အပုတ်နံ့ပျောက်မယ်။ အပူဓာတ်လာရင် အအေးဓာတ်ပျောက်မယ်။

ပြောရတာလည်းရှည် နေပါပြီ။ ဥပမာတစ်ခုပြောပါ့မယ်။ ဒကာတို့ကျောင်းမှာ အမှိုက်တွေရှုပ်နေပေမယ့် လူကြီးလာသတဲ့ဆိုရင် သန့်ရှင်းရေးလုပ်ကြရတယ်မဟုတ်လား။ ဒီလိုပါပဲ လောကရဲ့ကောင်းကျိုးကိုသာ ဆောင်ရွက်တော်မူတဲ့ မြတ်ဗုဒ္ဓရဲ့ ဂုဏ်တွေကို ရွတ်ဖတ်ပူဇော်ကြတဲ့အခါမှာ

မြတ်ဗုဒ္ဓကို ကြည်ညိုလေးစား တန်ဖိုးထားကြတဲ့ သူတော်ကောင်း လူ၊ နတ်၊ ဗြဟ္မာတွေ ဓာတ်တူရာစုကြသကွဲ့။ ဆင်ဖြူမျက်နှာ ဆင်မဲ မကြည့်ဝံ့ ဆိုသလိုမျိုး မကြည်ညို မလေးစား တန်ဖိုးမထားတတ်တဲ့၊ နားမလည်သူ လူ့ဗာလတွေကတော့ ရှောင်သွားကြတာပေါ့လေ။

ဓာတ်မှ မတူတာကိုး။ ငါတို့ ပရိတ်လှည့်ရွတ်တယ်ဆိုတာဟာ ဓာတ်မတူတာတွေ ရှောင်ရှားဖို့အတွက် ဓာတ်တူတာတွေကို ဆောင်ထားတဲ့သဘောပါ ဒကာ။ ဒါဟာတို့ရဲ့ ယုံကြည်မှဘဲ။ကဲချစ်ပရိတ်သတ်ကြီးလည်း ဓမ္မအသိတေ တိုးပွားပါစေနော်။ Credit = အရှင်သောပါသ(ဂုဏဝတီ)

Add a Comment

Your email address will not be published. Required fields are marked *