မက်ဆီအတွက်တော့ စံချိန်တွေဆိုတာ ကျိုးပျက်ဖို့ ဖြစ်တည်လာရသလိုပါပဲ

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီဟာ လာလီဂါတစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် အသင်းဖော်ဟောင်း ဇာဗီကိုကျော်ဖြတ်ကာ စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီဟာ အသက် ၁၇နှစ်အရွယ်ရှိ တောင်ပံကစားသမား ဖာတီ အလာဗက်စ်ဘက်ကို အဖွင့်ဂိုးသွင်းယူနိုင်ရေးအတွက် ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

အဲဒီဖန်တီးမှုက မက်ဆီအတွက် ယခုရာသီလာလီဂါမှာ ၂၁ ကြိမ်မြောက် ဂိုးဖန်တီးမှုဖြစ်ရာ ၂၀၀၈-၀၉ ရာသီက ဘာစီလိုနာအသင်းခေါင်းဆောင်ဟောင်း ဇာဗီတင်ခဲ့တဲ့စံချိန်ဟောင်းကို ချိုးဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ ဗယ်လာဒိုးလစ်ကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့ပြီးနောက် လာလီဂါတစ်ရာသီအတွင်း ဂိုးဖန်တီးမှု အကြိမ် ၂၀ပြုလုပ်ပေးထားနိုင်တဲ့ ဇာဗီရဲ့စံချိန်ကိုလိုက်မီခဲ့တာဖြစ်သလို အခုပွဲမှာလည်း ဖာတီအတွက် ဂိုးဖန်တီးမှုပြုလုပ်ခဲ့ပြီးနောက် ၁၀မိနစ်အကြာမှာပဲ မက်ဆီက အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးသွင်းယူသွားပါတယ်။

၅-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ မက်ဆီဟာ နောက်ထပ် ၁ဂိုးသွင်းယူနိုင်ခဲ့ပြီး ယခုရာသီလာလီဂါမှာ ၂၅ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ကြာသပတေးညက အိုဆာဆူနာကို အိမ်ကွင်းမှာ ၁-၂ ဂိုးနဲ့အရေးနိမ့်ခဲ့ပြီးနောက် လာလီဂါချန်ပီယံဆုကာကွယ်နိုင်ခွင့်ဆုံးရှုံးခဲ့တာဖြစ်ပြီး ချန်ပီယံဖြစ်သွားတဲ့ ရီးရဲလ်ရဲ့နောက် ဒုတိယနေရာသာရရှိခဲ့ပါတယ်။

အခုတော့ မက်ဆီဦးဆောင်တဲ့ဘာစီလိုနာလည်း သြဂုတ်လအတွင်း ကျင်းပပြုလုပ်မယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ရေးအတွက် အာရုံစိုက်ရတာ့ဖြစ်ပြီး ၁၆သင်းအဆင့် ဒု-အကျော့ပွဲစဉ်အဖြစ် နာပိုလီကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *