ရီးရဲလ်ကို ချန်ပီယံဆုပေးလိုက်ရအပြီးမှာ ပေါက်ကွဲခဲ့တဲ့ မက်ဆီ

မနေ့ည လာလီဂါမှာ အိုဆာဆူနာကို ရှုံးနိမ့်မှုနဲ့အတူ လာလီဂါချန်ပီယံဆုကို ခါးသီးပြိုင်ဘက်ရီးရဲလ်ထံ လွှဲပြောင်းပေးလိုက်အပြီးမှာ ဘာစီလိုနာအသင်းခေါင်းဆောင်မက်ဆီတစ်ယောက် ပေါက်ကွဲခဲ့ပါတယ်။ အိုဆာဆူနာနဲ့ပွဲအပြီး အင်တာဗျူးမှာ မက်ဆီဟာ ၂၀၁၉-၂၀ ရာသီက သူ့အသင်းရဲ့စွမ်းဆောင်မှုကို အပြင်းအထန်ဝေဖန်ခဲ့တာဖြစ်ပြီး ဒီလိုပုံစံသာကစားနေမယ်ဆိုရင် နာပိုလီနဲ့ချန်ပီယံလိဂ်မှာလည်း ရှုံးဦးမှာလို့ ပြောခဲ့တာပါ။

တစ်ဖက်မှာ ရီးရဲလ်မက်ဒရစ်က ဗီလာရီးရဲလ်ကိုနိုင်သွားလို့ ဘာစီလိုနာဟာ အိုဆာဆူနာကိုနိုင်ရင်တောင် ဘာမှ မထူးတော့ဘူး။ အခုတော့ တစ်ယောက်လျော့ဖြစ်သွားသေးတဲ့ဧည့်သည်အသင်းငယ်လေးကို အနိုင်မယူနိုင်တဲ့အပြင် ရှုံးတောင်ရှုံးသွားခဲ့လို့ ချန်ပီယံဆုလက်လွှတ်ရတာတင်မဟုတ်ဘဲ အမှတ်ပေးဇယားမှာ ရီးရဲလ်နဲ့ ၇ မှတ်တောင် ကွာသွားပါတယ်။

ဒါကြောင့်လည်း မက်ဆီက”ဘောလုံးရာသီကို အခုလိုပုံစံနဲ့ ကျွန်တော်တို့ အဆုံးမသတ်ချင်ပါဘူး။ ဒါပေမဲ့ အဲဒါကပဲ ကျွန်တော်တို့ရဲ့ဘောလုံးရာသီ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာကို ကိုယ်စားပြုနေပါတယ်။ ကျွန်တော်တို့ဟာ အရမ်းကို မတည်ငြိမ်ခဲ့သလို အရမ်းလည်း အားနည်းခဲ့ပြီး စူစိုက်မှုလည်း လျော့ပါးတဲ့အသင်းတစ်သင်းပါ။ ကျွန်တော်တို့အမှတ်တွေအများကြီးဆုံးရှုံးခဲ့ပြီး ဒီနေ့ပွဲက တစ်ရာသီလုံးရဲ့အနှစ်ချုပ်တစ်ခုပါပဲ။ ကျွန်တော်တို့က ဘာကာပါ။ အရာအားလုံးမှာ နိုင်ရမှာပါ။ မက်ဒရစ်ကို သွားကြည့်လို့မရနိုင်ပါဘူး။ မက်ဒရစ်က သူတို့အလုပ် သူတို့လုပ်တာပါ။ ဒါပေမဲ့ ကျွန်တော်တို့က သူတို့ကို အများကြီးကူညီပေးခဲ့တယ်”လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် မက်ဆီက”ချန်ပီယံလိဂ်မှာ ကျွန်တော်တို့ဗိုလ်စွဲချင်တယ်ဆိုရင် အများကြီးပြောင်းလဲရမှာပါ။ ကျွန်တော်တို့ ဒီလိုပုံစံသာကစားနေမယ်ဆိုရင် နာပိုလီနဲ့ပွဲမှာလည်း ရှုံးနိမ့်ပါလိမ့်မယ်”လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *