ယူနိုက်တက်ကစားသမားနှစ်ယောက်ရဲ့ခြေစွမ်းကို ကျေနပ်အားရနေတဲ့ ဖာဂူဆန်

ဆာအဲလက်ဖာဂူဆန်က ယူနိုက်တက်ရဲ့ လက်ရှိပုံစံကို သဘောကျနေပြီး အကယ်ဒမီထွက် လူငယ်ကစားသမားနှစ်ယောက်ရဲ့ခြေစွမ်းကြောင့် ပျော်ရွှင်နေပါတယ်။

အသက် ၇၈ နှစ်အရွယ် နည်းပြဟောင်းကြီးဟာ ယူနိုက်တက်ရဲ့ပွဲစဥ်တွေကို အမြဲတမ်း ကြည့်ရှုလေ့ရှိသလို လက်ရှိမှာလည်း ကွင်းပိတ်ကစားနေတာကြောင့် သရဲနီတွေရဲ့ပွဲစဥ်တွေကို TV ကနေ ကြည့်ရှုအားပေးနေပါတယ်။

အိုလေဂန်းနားဆိုးလ်ရှားရဲ့အသင်းကတော့ ပြီးခဲ့တဲ့အပတ်က အက်စ်တွန်ဗီလာကို သုံးဂိုးပြတ်အနိုင်ယူပြီး ပရီးမီးယားလိဂ်မှာ သုံးဂိုးနဲ့အထက်သွင်းပြီး လေးပွဲဆက်တိုက်နိုင်တဲ့အသင်းဆိုတဲ့စံချိန်ကို စိုက်ထူထားပါတယ်။

Mirror ရဲ့အဆိုအရ ဖာဂူဆန်ဟာ ဆိုးလ်ရှားနဲ့ ယူနိုက်တက်ကစားသမားတွေရဲ့ကစားပုံကို အကြိုက်တွေ့နေပြီး လူငယ်ကစားသမားနှစ်ယောက်ဖြစ်တဲ့ စကော့မက်တိုမီနေးနဲ့ မယ်ဆင်ဂရင်းဝုဒ်တို့ရဲ့ခြေစွမ်းတွေကြောင့် ပျော်ရွှင်နေတယ်လို့ သိရပါတယ်။

ပေါလ်ပေါ့ဘာ ဒဏ်ရာက မသက်သာခင်က ကွင်းလယ်ပိုင်းမှာ အဓိက ကစားသမားတစ်ယောက်ဖြစ်ခဲ့တဲ့ မက်တိုမီနေးဟာ လက်ရှိမှာတော့ ပွဲထွက်ကစားခွင့်ရရှိဖို့ ရုန်းကန်နေရပါတယ်။ ဒါပေမယ့် ဂရင်းဝုဒ်ကတော့ ပွဲထွက်ခွင့်ရရှိနေတဲ့အပြင် သွင်းဂိုးတွေလည်း သွင်းပေးနေပါတယ်။

ဖာဂူဆန်က ဆိုးလ်ရှားရဲ့ နည်းပြပေးမှုတွေကို အကြိုက်တွေ့နေသလို အကယ်ဒမီထွက် မက်တိုမီနေးနဲ့ ဂရင်းဝုဒ်တို့ရဲ့ခြေစွမ်းတွေကိုလည်း သဘောကျနေတယ်လို့ အိုးလ်ထရက်ဖို့ဒ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ယောက်က Mirror သို့ ပြောကြားခဲ့ပါတယ်။

နော်ဝေးနည်းပြ ကိုင်တွယ်နေတဲ့ ယူနိုက်တက်ကတော့ ဇူလှိုင်လ ၁၄ ရက်နေ့မှာ ဆောက်သမ်တန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဥ် ယှဥ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *