အသင်းသား တစ်ဦးကြောင့် အပြောင်းအရွှေ့ အစီအစဉ်တွေ နည်းနည်း ပြောင်းရတော့မယ်လို့ ဆိုးရှား ဝန်ခံ

မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးရှားက မေဆန်ဂရင်းဝုဒ်ရဲ့ ပုံစံကောင်းတွေကြောင့် အသင်းရဲ့ အပြောင်းအရွှေ့ အစီအစဉ်တွေကို နည်းနည်း ပြောင်းလဲရဖို့ ရှိလာပြီ ဖြစ်ကြောင်း ဝန်ခံ ပြောဆိုလာခဲ့ပါတယ်။ ယူနိုက်တက် လူငယ်တိုက်စစ်မှူးလေးဟာ ဘောလုံးပွဲတွေ ပြန်စတည်းက ခြေစွမ်းပြနေပြီး နောက်ဆုံး သုံးပွဲမှာ လေးဂိုးထိ သွင်းယူထားပါတယ်။

ယူနိုက်တက်ဟာ လာမယ့် နွေ အတွက် ကစားသမားဝယ်ယူမှုတွေ အကြမ်းစား ပြုလုပ်ဖို့ အစီအစဉ် ရှိထားပြီး ကိုရိုနာကပ်ဘေး ကြောင့် အနည်းငယ် တုန့်ဆိုင်းမှု ရှိလာတဲ့အပြင် ဂရင်းဝုဒ် ခြေစွမ်းပြနေတာကြောင့် လူငယ် ကြယ်ပွင့်လေး တက်လမ်းကို အဟန့်တား ဖြစ်နိုင်မယ့် ခေါ်ယူမှုမျိုးတွေ ပို စိစစ်သွားဖို့ ပြင်ဆင်နေပါတယ်။

ယူနိုက်တက်ရဲ့ ကစားသမားတွေ ခြေစွမ်းကောင်းနေတဲ့ အပြင် ငယ်ရွယ်တဲ့ အသင်းသားတွေကြောင့် ဆိုးရှားကတော့ ယူနိုက်တက်ဟာ အလောတကြီး ငွေတိုက်ဖွင့် ချက်လက်မှတ် ကောက်ရေးစရာ မလိုသေးဘူးလို့ ယူဆထားပါတယ်။

” ကျနော်တို့ ကစားသမား ခြောက်ယောက်လောက် အဝင်ရှိမယ်လို့တော့ ခင်ဗျားတော့ မမျှော်လင့်ကြလောက်ပါဘူးနော်။ ကျနော်လည်း အဲဒီလောက် မဖြစ်နိုင်ဘူးလို့ ကောင်းကောင်း သိတယ်။ ကျနေ်ာတို့ အင်အားဖြည့်ချင်တာနဲ့ ရတဲ့ ကစားသမား ဆွဲခေါ်ဖို့ မလိုပါဘူး။

မေဆန်ဂရင်းဝုဒ် က ကျနော် အားထားရတဲ့ ကစားသမား ဖြစ်လာနေပြီ။ သူက အသက် ၁၇ ပဲ ရှိသေးတယ်။ သူ ထိပ်တန်း ကစားသမား တစ်ယောက် ဖြစ်လာဖို့ ဒီအသင်းမှာ အခွင့်အရေး ပေးချင်တယ်။ အဲဒီလိုပဲ မားကပ် ရက်ဖို့ဒ်ဆိုလည်း အသက် ၂၁၊ ဒါလော့ ဆို ၂၀ ပဲ ရှိသေးတယ်။

ဒီ ကစားသမားတွေဟာ ကစားခွင့်တွေရလာမယ်။ တဘက်မှာလည်း အသင်း အစီအစဉ်တွေ အပေါ်နဲ့ သူတို့ ကစားသမားဘ၀ အပေါ် သက်ရောက်မှုတွေ ရှိလာမယ်။ ” လို့ ဆိုးရှားက ပြောဆိုလာပါတယ်။

ဂရင်းဝုဒ်ဟာ မနှစ်ကပဲ ယူနိုက်တက်နဲ့ အတူ လေးနှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုထားသူ ဖြစ်ပြီး ၎င်းကို ဂျူဗင်တပ်က ငွေကြေး ပမာဏ မက်လောက်စရာနဲ့ ကမ်းလှမ်းလိုမှုတွေလည်း ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ကစားသမားကတော့ ယူနိုက်တက်မှာပဲ ဆက်နေပြီး တက်လမ်း ရှာဖို့ ပို စိတ်အားထက်သန်နေပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *